Tuesday, September 23, 2014

ကေအိုင်အိုဗဟိုကော်မတီ ဘာလဲ၊ ဘယ်လဲ



 (မောင်မောင်ကိုကြီး)

ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ BRAT (Burmese Rohingya Association in Thailand) အဖွဲ့ ဥက္ကဋ္ဌ ဆိုသူ ဦးမောင်ကျော်နုနဲ့ KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်တို့ ၂၀၁၄ ခုနှစ် မတ်လအတွင်းမှာ တွေ့ဆုံကြတဲ့အခါမှာ KIO ထိန်းချုပ်နယ်မြေအတွင်းမှာ ဘင်္ဂါလီတပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုဖို့ ဆွေးနွေးထားတဲ့ ဗီဒီယိုဖိုင် မကြာသေးမီက အွန်လိုင်းပေါ်မှာ ပေါ်ထွက်လာခဲ့တဲ့ သတင်းဟာ သိပ်ကို စိတ်ဝင်စားစရာ၊ စဉ်းစားစရာ ဖြစ်နေသလို မရေမရာဖြစ်နေတဲ့ ငြိမ်းချမ်းရေးအတွက် လည်း ပိုမိုစိုးရိမ်စရာ ဖြစ်လာနေပါတယ်။ BRAT အဖွဲ့နဲ့ တွေ့ဆုံမှုမှာ ရခိုင်ပြည်နယ် နယ်စပ်ဒေသ တွေမှာ ဒုက္ခပေးနေတဲ့ RSO လို့ ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းကိုယ်စားလှယ် တစ်ဦးလည်း ပါဝင်နေတာ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က ပြန်ရှင်းလင်းတာကို လေ့လာကြည့်တဲ့အခါ KIO ဗဟို ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်အနေနဲ့ ပုဂ္ဂိုလ်ရေးရင်းနှီးမှုအရ တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ပြီး တရားဝင်ဆွေးနွေးခြင်းမဟုတ်ဘူး လို့ ရှင်းပါတယ်။ ပြီးတော့ ဒီကိစ္စဟာ အထူးသတိပြုရမယ့်ကိစ္စဖြစ်တဲ့ အတွက် ဗဟိုကော်မတီမှာလည်း တစ်ကြိမ်တစ်ခါမှ ဆွေးနွေးခဲ့တာ မရှိပါဘူး ဆိုပြီး ဆက်ပြောထားပါ တယ်။ ကာယကံရှင် ဂျိမ်းစ်လွန်ဒေါင်ကတော့ ဒီလိုတွေနဲ့ တွေ့မယ် ဆိုတာ ကြိုမသိထားဘူး၊ ထမင်းစား ဖိတ်လို့ သွားတယ်၊ အဲဒီအဖွဲ့တွေ ကြိုရောက်နှင့်နေတယ်၊ သူဘာမှ မသိထားပါဘူး ဆိုပြီး ရှင်းလင်းတာ တွေ့ရပါတယ်။ ဒီမှာပဲ မေးစရာတွေ အများကြီး ပေါ်လာပါတယ်။

ပထမဆုံး မေးချင်တာက ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင် အနေနဲ့ ဒီလို ရှင်းလိုက်ရင် ပြီးပြတ်သွားမယ့် ကိစ္စလို့ ထင်နေပါသလား။ ဟုတ်ပြီ။ KIO ဗဟိုကော်မတီဝင်တစ်ယောက်ကို ကြိုတင်အသိမပေး၊ အကြောင်းမကြားဘဲ ဒီလို ထမင်းစားဖိတ်၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ တွေ့ပေး၊ ကချင်ပြည်နယ်ထဲမှာ တပ်တွေ ထောင်ဖို့ ပြောတဲ့ ကိစ္စကို ဘာဖြစ်လို့ ဗဟိုကော်မတီကို ပြန်ပြီး မတင်ပြခဲ့တာလဲ။ ဗဟိုကော်မတီ ၀င်တစ်ယောက်အနေနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ကိစ္စကို ဘာဖြစ်လို့ နာရီနဲ့ချီပြီး အချိန်အကြာ ကြီး လက်ခံနားထောင်၊ ပြန်လည်ဆွေးနွေးတာတွေ လုပ်ခဲ့ပါသလဲ။ ကျွန်တော် ကြိုမသိဘူး ဆိုတဲ့ စကား တစ်ခွန်းနဲ့ အမြင်ရှင်းသွားမှာတဲ့လား။ နောက်တစ်ချက်က ဘာဖြစ်လို့ တိုင်းရင်းသား၊ ညီအစ်ကို ဆိုတဲ့ ဝေါဟာရတွေ သုံးနှုံးခဲ့တာလဲ။
ဒီဇာတ်လမ်းမှာ အဓိကအချက်က တွေ့ဆုံခဲ့ကြတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ မောင်ကျော်နုရဲ့ လွှင့်တင်မှုအရ ဒီတွေ့ဆုံမှုဟာ ၂၀၁၄ ခုနှစ် မတ်လ လို့ ပြောထားပါတယ်။ ဒီနှစ် အစောပိုင်းကာလ ဖြစ် ပါတယ်။ ပြန်ပြီး တိုက်ဆိုင်ကြည့်ရင် မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ် ခဲ့တာပါ။

ဒီတော့ ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင်အနေနဲ့ အခြေအနေအားလုံးကို သိရှိထားပြီး ဖြစ်ပါတယ်။ ဒီလို သွားရောက်တွေ့ဆုံခဲ့တဲ့ ကိစ္စကို ဗဟိုကော်မတီကို ဘာဖြစ်လို့ မတင်ပြခဲ့တာလဲ။ ဒီလောက်ထိလွယ်ရှလွယ် ကိစ္စကြီးကို မိမိသဘောတစ်ခုတည်းနဲ့ ပြုလုပ်ခဲ့တာ အမှန်ပဲလား။ ဒီလိုလုပ်ဆောင်ခြင်းဟာ KIO က ချမှတ် ထားတဲ့ နိုင်ငံရေးမူဝါဒတွေ၊ စစ်ရေးမူဝါဒတွေနဲ့ ညီညွတ်ပါရဲ့လား။ မညီညွတ်ဘူး ဆိုရင် ဘာဖြစ်လို့ ထထွက်မလာဘဲ ညီရင်းအစ်ကိုတွေလို ထိုင်ပြီး ဆွေးနွေးခဲ့တာလဲ။ KIO ဗဟိုကော်မတီဝင်တစ်ဦးအနေနဲ့ မူဝါဒမသိဘူး ဆိုပြီး မျက်နှာပြောင်တိုက် ငြင်းလို့ ပြီးမသွားပါဘူး။
KIO ဗဟိုကော်မတီအနေနဲ့ ဗိုလ်ချုပ်ဂွမ်မော် ငြင်းချက်ထုတ်လိုက်တာနဲ့ မပြီးပါဘူး။ အခုဆိုရင် ပြည်သူတွေက KIO ကို သံသယတွေ ဖြစ်လာခဲ့ပါပြီ။ ဘင်္ဂါလီအကြမ်းဖက်သမားတွေနဲ့ ဆက်စပ်နေသလား ဆိုတာ စဉ်းစားလာနေပါပြီ။ ဒီလို ဖြစ်ပေါ်လာနေတဲ့ သံသယတွေကို KIO စောစောစီးစီး ရှင်းမှ ရပါလိမ့် မယ်။ သံသယဖြစ်စရာ အကြောင်းတွေကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။

တစ်အချက်အနေနဲ့ KIO ဟာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ KIO ထိန်းချုပ် နယ်မြေအတွင်း ကောက်ယူခွင့် မပေးခဲ့ပါဘူး။ ဒီတော့ KIO ထဲမှာ လူမသိ၊ သူမသိ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ ရောက်နေပါသလဲ။ ဘာဖြစ်လို့ ဖုံးကွယ်ထားခဲ့ရပါသလဲ။ ဘင်္ဂါလီတွေ အဲဒီနယ်မြေ တွေမှာ ရောက်နေပြီလား စဉ်းစားစရာ ဖြစ်နေပါတယ်။ ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး ဆိုရင် သန်းခေါင်စာရင်းကောက်တာကို ခွင့်ပြုရဲရမှာ ဖြစ်ပါတယ်။

နှစ်အချက်အနေနဲ့ KIO ထိန်းချုပ်နယ်မြေအတွင်းမှာ ဘင်္ဂလီတွေကို ဖောက်ခွဲရေးသင်တန်းတွေ ပေးနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အတည်မပြုနိုင်သေးပေမယ့် စိုးရိမ်စရာ အနေအထား မျိုး ဖြစ်လာနေပါတယ်။ ၂၀၁၃ ခုနှစ်အတွင်းမှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ လျှပ်စစ်တာဝါတိုင်တွေ၊ လမ်းတွေ၊ တံတားတွေကို မိုင်းထောင်တာတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

သုံးအချက်အနေနဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ ဗိုလ်ကြီးဇော်မျိုးထက်ကို ခေါင်းဖြတ်သတ်ခဲ့တာ ဖြစ်ခဲ့ ပါတယ်။ စစ်သားချင်း တိုက်ကြခိုက်ကြလို့ သေကြ၊ ကြေကြတာ အကြောင်းမဟုတ်ဘူး၊ ဒီလိုမျိုး လေးစားမှု မရှိဘဲ ခေါင်းဖြတ်ခဲ့တာက အတော်ဆိုးတယ် ဆိုပြီး စစ်တပ်ဘက်က ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ဂွမ်မော်ကိုယ်တိုင် ဖြေရှင်းချက် ပေးခဲ့တာက KIA လုပ်တာ မဟုတ်ဘူး ဆိုတဲ့အချက်ပဲ ဖြစ်ပါ တယ်။ KIO ထိန်းချုပ်နယ်မြေထဲမှာ ခြေချနေတာက ABSDF ရယ် Arakan Army ရယ် ဖြစ်ပါတယ်။ ဒီတော့ ခေါင်းဖြတ်သတ်တဲ့ လုပ်ရိုးလုပ်စဉ်က အရှေ့အလယ်ပိုင်းက အစွန်းရောက်တွေ အခု ခေါင်းဖြတ် နေကြတာနဲ့ သွားပြီး တူညီနေပါတယ်။

လေးအချက်က အခုနောက်ဆုံး ထွက်လာတဲ့ ဗီဒီယို မှတ်တမ်းပါပဲ။ ဒီမှတ်တမ်းကို ကာယကံရှင် မောင်ကျော်နုကိုယ်တိုင် ယူကျုမှာ တင်ထားတာ ဖြစ်နေပါတယ်။ ဒီတော့ မောင်ကျော်နုက ဘာရည်ရွယ် ချက်နဲ့ တင်တာလဲ စဉ်းစားစရာ ဖြစ်နေပြန်ပါတယ်။ မောင်ကျော်နုနဲ့ ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင်တို့ ဘာတွေ အခန့်မသင့်ဖြစ်လို့ အခုလို ဖွင့်ချရတာလဲ မေးချင်စရာပါ။ မောင်ကျော်နုရဲ့ အဖွဲ့ဝင်တွေထဲမှာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RSO ရဲ့ စစ်ရေးတာဝန်ခံတစ်ယောက် ပါဝင်နေတာကတော့ လက်ခံ နိုင်စရာ အနေအထား မဟုတ်ပါဘူး

ဒီလေးချက်နှင့် တိုက်ဆိုင်ကြည့်ရင် KIO နယ်မြေအတွင်းမှာ တစ်ခုခု ဖြစ်နေပြီ ဆိုတာကို ကောက် ချက်ချလို့ ရပါတယ်။ တစ်ကယ်လို့သာ ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင်က ဗဟိုကော်မတီကို ပြန်တင်ပြတယ်၊ ဗဟိုကော်မတီက ကြိမ်ပြီး ဆက်ဆံနေတယ်၊ မောင်ကျော်နု ဖွလိုက်တော့ အကုန်လုံး သိရှိကြမှပဲ ငြင်း တယ်၊ လိုက်ဖာနေ တယ် ဆိုရင်တော့ KIO ဟာ မူလကတည်းက ဒီကိစ္စကို သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဗိုလ်မှူးကြီးဂျိမ်းစ်လွန် ဒေါင်အနေနဲ့လည်း ဒီလောက်ထိလွယ်ရှလွယ်တဲ့ကိစ္စကို ဆွေးနွေးဖို့ ဗဟိုကော်မတီ မသိသေးဘဲ တွေ့ဆုံရအောင် ဒီလောက်မိုက်လုံးကြီးပါ့မလား စဉ်းစားစရာ ဖြစ်လာပြပါတယ်။ ဒီတော့ KIO မှာ ဗိုလ်ချုပ်ဂွမ်မော် လိမ်ရင်လိမ်၊ ဒါမှမဟုတ်ရင်တော့ ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင် လိမ်နေပြီ ဆိုတာ ထင် ရှားနေပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင်က ဗဟိုကော်မတီကို ပြန်ပြီးတင်ပြခြင်း မရှိခဲ့ ဘူး ဆိုရင် ဗဟိုကော်မတီအနေနဲ့ ဗိုလ်မှူးကြီးဂျိမ်းစ်လွန်ဒေါင်ကို တစ်စုံတစ်ရာ အရေးယူခြင်း မရှိခဲ့ဘူး ဆို ရင်တော့ KIO ဟာလည်း အလိုတအလိုပါ ဆိုပြီး သတ်မှတ်ရမယ်ယ့်အနေအထားကို ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် KIO ဟာ ဒီကိစ္စကို လွယ်လွယ်လေး၊ ပေါ့ပေါ့လေး မတွေးဘဲ သတိကြီးကြီးထားပြီး ဆိုးကျိုးသက်ရောက်လာနိုင်မှု အားလုံးကို သုံးသပ်စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ လက်ရှိ အပစ်ရပ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ KIO က ငြင်းဆန်၊ တင်းခံနေခြင်းရဲ့ နောက်ကွယ်မှာ ဒီဖြစ်ရပ်တွေက ဆက်နွယ်ပတ်သက်လာနိုင်ပါတယ်။ မိမိ ရန်သူရဲ့ရန်သူဟာ မိမိမိတ်ဆွေ ဖြစ်တယ် ဆိုတဲ့ အယူအဆကို လက်ကိုင်ထားပြီး စစ်မျက်နှာအသစ်တိုးပြီး အကျပ်အတည်းဖန်တီးမယ် ဆိုရင်တော့ KIO ဟာ လူထုဆန့်ကျင်မှုကို မလွဲမသွေ ခံရတော့မှာ ဖြစ်ပါ တယ်။ UNFC မှာ ဥက္ကဌ ရာထူး ရယူထားတဲ့ KIO ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လအနေနဲ့လည်း ဖက်ဒရယ်တပ်မတော် ဆိုပြီး တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်း စစ်ဒေသ(၃)ခု ပိုင်းခြားသတ်မှတ်ဖို့ ကြိုးပမ်းနေတဲ့နေရာမှာ ဘင်္ဂါလီတွေကို အနောက်ပိုင်း စစ်ဒေသအဖြစ် လျာထားဖို့ ကြံစည်နေတယ် ဆိုရင် တော့ ဒီအကြံအစည်ကို လက်လျှော့လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

ပြည်သူတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို သည်းခံစောင့်ဆိုင်းနေတာ (၃)နှစ်ကျော်လာပါပြီ။ တစ်ခါ ဆွေးနွေးတော့မယ် ဆိုရင် ရတော့မှာလား ဆိုတဲ့အတွေးနဲ့ မျှော်လင့်နေကြတာပါ။ တစ်ခါလာ လည်း မထူး၊ တစ်ခါလာလည်း မထူး၊ ဒုံရင်း ပြန်ဆိုက်နေတာကို လူထုက စိတ်မရှည်နိုင်တော့တဲ့ သဘော ဖြစ်လာနေပါတယ်။ ဒီကြားထဲမှာ ယူကရိန်းမှာ ခရိုင်းမီးယား ခွဲထွက်တဲ့ ကိစ္စတွေ ဖြစ်လာတော့ မြန်မာနိုင်ငံ မှာလည်း အလားတူ ခွဲထွက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါပြီ။ ကချင်တိုင်းရင်းသားလို့ ယူဆရတဲ့ စိတ်ဓါတ်ပြင်းထန်သူအချို့က လွတ်လပ်သော ၀မ်ပေါင်နိုင်ငံတော် ထူထောင်ရေးကို ကြွေးကြော်နေကြတာ တွေလည်း တွေ့ရှိနေရပါတယ်။ KIO ရဲ့ ရည်ရွယ်ချက်က သီးခြားနိုင်ငံ ထူထောင်ရေး ဖြစ်နေသလား အားလုံး စဉ်းစားကြဖို့ လိုလာပါပြီ။

တစ်ချိန်တည်းမှာပဲ KIO ရဲ့ ဘီလီယံဒေါ်လာနဲ့ချီတဲ့ စီးပွားရေး ၀င်ငွေတွေကို ပြည်ပသတင်းစာ တစ်စောင်မှာ ဖော်ပြပါရှိလာခဲ့ပါတယ်။ သစ်၊ ကျောက်စိမ်း၊ မူးယစ်ဆေး မှောင်ခို စီးပွားရေးလုပ်ငန်းတွေက နေ KIO ရဲ့ ဘဏ္ဍာငွေကို အလုံးအရင်းစီးဝင်နေခြင်းကြောင့် ငြိမ်းချမ်းရေးကို ငြင်းဆန်နေတာလား တွေးစရာ ဖြစ်လာနေပြန်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ KIO ပြီးရင် အချမ်းသာဆုံးက ရှမ်းပြည်နယ်ဘက်က လက်နက်ကိုင်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ ဒီတော့ ရရှိထားတဲ့ ငွေကြေး၊ ခံစားနေကြတဲ့ စည်းစိမ်တွေ ယုတ်လျော့သွားမယ့် အရေးကို ကာကွယ်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ ခေါင်းစဉ်တပ်နေတာလား မေးရတော့မယ့် အနေအထား ဖြစ်နေပါပြီ။ တစ်ချိန်တည်း မှာပဲ တအောင်းအဖွဲ့ကို လက်နက်၊ ငွေကြေး ပံ့ပိုးပေးပြီး အင်အားတောင့်တင်းလာအောင် တည်ဆောက် နေတာဟာလည်း KIO ရဲ့ စစ်ရေးသြဇာ ချဲ့ထွင်နေတဲ့ လုပ်ရပ်မျိုး ဖြစ်လာနေပါတယ်။

အားလုံးကို ခြုံပြီးကြည့်လိုက်ရင် KIO ဟာ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်နဲ့ ငြိမ်းချမ်းရေးကို ကစား နေတာလား အလေးပေး စဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုက ခွဲထွက်ရေးဟာ အဆုံးစွန် မျှော် မှန်းချက် ဖြစ်နေတဲ့အတွက်ကြောင့် RSO အပါအ၀င် ဘင်္ဂါလီတွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဦး တည်လာနေတာလို့ ယူဆမယ်ဆိုရင် ယူဆနိုင်နေပါပြီ။ ဒါဟာ နိုင်ငံအတွက် သိပ်ကိုအရေးကြီးလှသလို KIO ရဲ့ နိုင်ငံရေးရပ်တည်ချက်အတွက်လည်း စိုးရိမ်စရာ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။ အထက်မှာ တွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ ယခုလာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIO ရဲ့ ရပ်တည်ချက်ကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။ KIO ဦးဆောင်တဲ့ UNFC ဟာ စကားလုံးတွေနဲ့ ကပ်ဖဲ့ငြင်းခုန်နေကြဦးမယ် ဆိုရင်တော့ ငြိမ်းချမ်းရေး တစ်ကယ်လိုလားရဲ့လား ဆိုတဲ့ မေးခွန်းကို ရင်ဆိုင် ရမှာ သေချာနေပါတယ်။ (Messenger)

No comments:

Post a Comment